Thursday, November 20, 2014

ကြီးပွားချမ်းသာအဖြေရှာ


ချမ်းသာခြင်းကိုသတ္တ၀ါတိုင်းအလိုရှိအပ်ကုန်ပေသည်။
သတ္တ၀ါတိုင်းထိုချမ်းသာခြင်းအကျိုးကိုမရကြ။ အဘယ်
ကြောင့်နည်း။ မြတ်ဗုဒ္ဓ၏ အကြောင်းအကျိုးတရားတော်
အရ အကျိုးတရားမှန်သမျှ အကြောင်းတရား၌သာအခြေ
ခံကြကုန်သည်ဖြစ်၍ အဖြေမှန်ကား အကြောင်းမကောင်း
၍ အကြောင်းမညီညွတ်၍ အကြောင်းမပြည့်စုံ၍ဟုသာ
အဖြေထွက်ရပေသည်။ အကြောင်းဟူရာ၌လည်း ပစ္စုပ္ပန်
အကြောင်းသည်သာပဓါနဖြစ်ပြီး ကျန်အကြောင်းတို့မှာ
အခြံအရံမျှပေတည်း။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်
တို့သည် ပစ္စုပ္ပန်တည့်တည့်မှာပင်ရောက်ရှိနေကြသည်
မဟုတ်ပါလား။
ထိုအခါ ပစ္စုပ္ပန်တည့်တည့်တွင် ကောင်းအောင်
ဘယ်လိုနေကြမည်နည်း။ အကြောင်းတရားကောင်း
တို့များစွာရှိကြရာ၌ သမ္ပဒါတရားလေးပါးဖြင့်နေကြ
မည်လား။ မင်္ဂလသုတ်နှင့်အညီနေကြမည်လား။
သိင်္ဂါလောဝါဒသုတ်နှင့်အညီနေကြမည်လား။
သုစရိုက်တရားဆယ်ပါးနှင့်အညီနေကြမည်လား။
ကံ စိတ် ဥတု၊ အာဟာရကို ကောင်းစွာပြုပြင်၍
ဆန္ဒ၊ ၀ီရိယ၊ စိတ္တ၊ ၀ီမံသ၊ မိုင်ကုန်တင်ကာ သန္တုဋ္ဌီ
ဖြင့် အဆုံးသတ်ပြန်အုပ်၊ ယောနိသောမနသိကာရ
ဖြင့် ခေါင်ပြန်ချုပ်ရမည်လား။ စဉ်းစားကြရာ၏။
ဗုဒ္ဓဘာသာဝင်အများစုတို့သည် အသိတွေများ၍
အတွေးတွေဟုန်နေကြသည်ဟုထင်မြင်မိပါ၏။
အမှန်မှာတစ်ခုနှစ်ခုကိုမျှ မြတ်ဗုဒ္ဓ၏အဆုံးအမနှင့်
အညီလိုက်နာကျင့်သုံးလိုက်လျှင်ပင်လူကောင်း
သူကောင်းတွေဖြစ်၍ ချမ်းသာမှုအထက်တန်း
ရောက်သောလူ၊ ပညာတတ်သောလူတို့ဖြစ်လာ
ကြပေမည်။
ယခုမူဟိုလည်းစပ်စပ်ဖြင့်သိတာတွေများနေပြီး
ထိထိရောက်ရောက်လက်တွေ့မကျင့်သုံးကြ
သဖြင့် အချို့နေရာတွေမှာအံချော်နေကြခြင်း
ဖြစ်ပေသည်။ ဆိုရိုးစကားတစ်ခုကိုမှတ်သား
ဖူးသည်။ ငါးသိုင်းများတော့ဟင်းဟုံသည်။
ဆရာများတော့သားသေသည်။ အများကြီးရှိ
ခြင်းသည် ဘာမျှမရှိခြင်းကဲ့သို့ပင် ပြဿနာ
ဖြစ်တတ်ပါသည်။
မျက်မှောက်ခေတ်အခြေအနေအရ အခြားအခြား
သော နိုင်ငံကြီးသားလူမျိုးခြားများက အံ့မခန်း
ဖွယ်ရာတိုးတက်ကြီးပွားလာကြသည်ကိုတွေ့ရ
သောအခါ မိမိတို့နိုင်ငံအတွက် ဗုဒ္ဓဘာသာနည်း
အရ မစွမ်းဆောင်နိုင်ကြတော့ဘူးလားဟူ၍
အမျိုးဘာသာသာသနာအပေါ်စဉ်းစားခန်းဝင်
လာကြကုန်၏။ အဖြေမှန်ကားအထက်ကဆိုခဲ့
သည့်အတိုင်း တစ်ခုနှစ်ခုကိုမျှ ထိရောက်စွာ
မကျင့်သုံးနိုင်ခြင်းကြောင့်ပင်ဖြစ်ပေသည်။
ဥပမာဆောင်ပါဦးမည်။
ဗာဟုသစ္စဉ္စ သိပ္ပဉ္စ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာစ ယာ ၀ါစာ၊ ဧတံမင်္ဂလမုတ္တမံ။
ဟု မြတ်ဗုဒ္ဓဟောကြားခဲ့ပေသည်။ မင်္ဂလာတရား
(၃၈)ပါးထဲမှ (၄)ပါးမျှသောအတွဲတစ်ခုကိုထုတ်
ပြလိုပါသည်။ ကျန်တရားများရှိပါစေတော့။
ဗဟုသစ္စဉ္စ၊ ဗဟုသုတများခြင်းသည်လည်း
ကောင်း။ သိပ္ပဉ္စ၊ လုပ်ငန်းပိုင်းဆိုင်ရာအတတ်
ပညာများ တတ်မြောက်ခြင်းသည်လည်းကောင်း။
ဝိနယောစ သုသိက္ခိတော၊ စည်းကမ်းကျင့်ဝတ်
များကို ကောင်းစွာသင်ကြားခြင်းသည်လည်း
ကောင်း(၀ါ) မိမိကိုယ်ကို ၀ိနည်းကျင့်ဝတ်များ
ဖြင့်ဆုံးမခြင်းသည်လည်းကောင်း။ သုဘာ
သိတာစ ယာဝါစာ၊ ဟုတ်မှန်၍အကျိုးရှိသော
စကားကိုပြောဆိုခြင်းသည်လည်းကောင်း
မင်္ဂလာမည်ပါ၏။
ဗဟုသုတအကြားအမြင်များခြင်းကို မင်္ဂလာ
တစ်ပါးအနေဖြင့် ဗုဒ္ဓဘုရားရှင်ဟောခဲ့၏။
ကြီးပွားတိုးတက်လိုသူမှန်သမျှ၊ အဆင့်
မြင့်မြင့်တက်လှမ်းလိုသူမှန်သမျှ၊ အကြား
အမြင်တို့ဖြင့် ပြည့်စုံရန်လိုအပ်၏။ မှန်၏။
၁။ လူဟူ၍ဖြစ်လာသည်နှင့် မိမိဘ၀ရှင်သန်
ရပ်တည်ဖို့အတွက် အလုပ်လုပ်ကြရ၏။
လယ်ယာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊
စသည်ဖြင့်မည်သည့်အလုပ်ပင်လုပ်လုပ်
(က) မိမိအကြောင်း (ခ) မိမိအလုပ်နှင့်ဆက်
စပ်နေသည့် ကိစ္စရပ်များ၊ အထွေထွေဗဟု
သုတများရှိဖို့လိုအပ်နေပေသည်။
(ဗဟုသစ္စဉ္စမင်္ဂလာဖြစ်၏။)
၂။ တစ်ဖန်ဗဟုသုတရှိရုံဖြင့်လုံလောက်ပြီလား
ဟု မေးလျှင်ကား မလုံလောက်သေး။ မိမိ
အလုပ်နှင့် ပတ်သတ်သည့် ပညာရပ်များအား
တတ်ကျွမ်းမှု၊ ကျွမ်းကျင်မှုတို့ကိုကြိုးစားရပါ
မည်။ (သိပ္ပဉ္စမင်္ဂလာဖြစ်၏)
၃။ ထိုမှတစ်ဖန်ဆက်ရပြန်သော် လုပ်ငန်းတိုင်း
တွင် အလုပ်ခွင်စည်းကမ်းတွေရှိ၏။ အထက်၌
တင်ပြခဲ့သည့်အတိုင်း ဗဟုသုတရှိခြင်း၊ လုပ်ငန်း
လည်းကျွမ်းကျင်ခြင်းရှိပြီဖြစ်သော်ငြားလည်း
ထိုသူသည် အလုပ်ကိုလုပ်ချင်သည့်အချိန်လုပ်၍
မလုပ်ချင်သည့်အချိန်မလုပ်။ လာချင်သည့်အချိန်
လာ၍ ပြန်ချင်သည့်အချိန်ပြန်လျှင် မင်္ဂလာမမည်
သေး။ အလုပ်ခွင်စည်းကမ်းကိုမချိုးဖောက်ခြင်း၊
ကျင့်ဝတ်တွေကိုအလွန်လေးစားခြင်းရှိမှသာ
မင်္ဂလာတရားနှင့်ပြည့်စုံမည်ဖြစ်ကြ၏။
(၀ိနယောစ သုသိက္ခိတော မင်္ဂလာဖြစ်၏။)
၎။ ထိုမင်္ဂလာသုံးပါးနှင့် ပြည့်စုံပြီြး့ပန်သော် အရေး
အကြီးဆုံးတစ်ချက်ကျန်ပါသေးသည်။ ၄င်းမှာ
အောင်မြင်မှုပန်းတိုင်ကို ရောက်ရမည့်သူတိုင်း
လူ့ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံရန်အတွက်ဟုတ်
မှန်ပြီး အကျိုးရှိသောစကားကိုပြောရပါမည်။
သို့မဟုတ်ပါက ကတိက၀တ်စကားများပျက်
ကွက်ခြင်း၊ အနှစ်အဆံမဲ့သည့်စကားများဖြင့်
အချိန်ဖြုန်းမိခြင်းစသော အကျိုးမဲ့တရားများ
ဖြစ်တတ်သေးသဖြင့် အကျိုးရှိစကားသာပြော
ဆိုခြင်းသည် မင်္ဂလာတစ်ပါးမည်၏။
(သုဘာသိတာစ ယာဝါစာမင်္ဂလာဖြစ်သည်။)
ယခုတင်ပြခဲ့သည့် မင်္ဂလာတရားလေးပါးနှင့်
ပြည့်စုံသွားပြီဆိုလျှင်ပင် ထိုပုဂ္ဂိုလ်သည်မည်
သည့်နေရာ၌ပင်လုပ်လုပ် သူသည်ဦးစီးခေါင်း
ဆောင်ဖြစ်နေမည်မှာ ဧကန်မလွဲဖြစ်၏။
ဤကား ပုဂ္ဂလဓိဋ္ဌာန်ဖြစ်၏။
အိမ်ထောင်စုတစ်ခုအနေဖြင့် ကြည့်လျှင်လည်း
ထိုမင်္ဂလာတရားလေးပါးနှင့်ပြည့်စုံသူတို့နှင့်
ဖွဲ့စည်းထားသည့် အိမ်ထောင်စုတစ်ခုသည်
စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးအစစပြည့်စုံ
၍ လူ့ဘောင်လောကအလယ်တင့်တယ်နေ
မည်ဖြစ်၏။ အထက်တန်းစားနေထိုင်နိုင်သော
အိမ်ထောင်စုလေးတစ်ခုဖြစ်မည်သာပင်။
တစ်ဖန်နိုင်ငံတစ်ခုအနေဖြင့်ကြည့်မည်ဆိုလျှင်
လည်း နိုင်ငံအတွင်း၌ ရှိကြသည့် နိုင်ငံသား
တိုင်းသည် ဗဟုသုတအကြားအမြင်များ၍
အတတ်ပညာ၊တွေလည်း ကျွမ်းကျင်တတ်
မြောက်၍ ကျင့်ဝတ်သိက္ခာစည်းကမ်းတွေ
လည်း စောင့်စည်းကြ၍ ဟုတ်မှန်ပြီးအကျိုး
ရှိသည့်စကားတွေကိုသာပြောဆိုနေကြ၍ဆို
လျှင် ထိုနိုင်ငံသည် နိုင်ငံတကာကလေးစား
ခံရ၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်
နေပေမည်။ အခြားနိုင်ငံများနှင့်ရင်ဘောင်
တန်းနိုင်ရုံမက နိုင်ငံတကာပြဿနာများကို
ပါဖြေရှင်းပေးနိုင်သည့် နိုင်ငံတကာ၏ချစ်ခင်
လေးစားခြင်းကိုလည်း ခံရသည့်နိုင်ငံတစ်ခု
အဖြစ်မားမားရပ်တည်နိုင်မည်မှာဧကန်မလွဲ
ဖြစ်ပေသည်။
ကျွန်ုပ်တို့သည် ဤလေးချက်ကိုစံနမူနာယူ
ကာ တိုးတက်သူတို့နှင့်နှိုင်းယှဉ်ကြည့်တတ်
ဖို့လိုအပ်ပါလိမ့်မည်။ စက်ဘီးပေါ်ခါစက
စက်ဘီးမမြင်ဖူးသော မြန်မာအဘွားအို
တစ်ဦးသည် မိမိရွာသို့ဖြတ်၍ စက်ဘီးစီး
လာသူ ခေါင်းပေါင်းဝတ်ပန်ချာဘီကုလား
ကြီးကို စကြာဝတေးမင်းအမှတ်ဖြင့်မြေး
တွေကိုလက်ဆွဲခေါ်ကာ ထိုင်ကန်တော့
ဖူးပါသည်။ ရိုးသားခြင်းသည် အကောင်းဆုံး
ဝါဒဟုဆိုသော်လည်း ရိုးလွန်းခြင်းမှလွန်၍
အ သွားခြင်းသည် တိုးတက်မှုကိုထိခိုက်စေ
ပါသည်။
ဗေဒင်ကိန်းခန်းအရခေါတော်ပေးထားသည့်
မင်္ဂလာအချိန်ကိုသာ ခရုသင်းမှုတ်သံတလွင်
လွင်ဖြင့် လိုက်နာကျင့်သုံးတတ်ကြသကဲ့သို့
လူမှုရေး စီးပွားရေးတို့တွင်လည်း အချိန်နှင့်
အမျှတိကျစွာ အသုံးချလေးစားလိုက်နာဖို့
လိုပါလိမ့်မည်။
မရဏံ မေ ဘ၀ိဿတိ ဖြင့်သေမှုပြင်ဆင်
တတ်ရန် လိုအပ်သကဲ့သို့ ဆန္ဒ၀တော ကိံ
နာမ ကမ္မံ နသိဇ္ဈတိ ဖြင့် နေမှုတည်ဆောက်
တတ်ဖို့လိုပါသေးသည်။
နိဂုံးချုပ်ရပါမူကား နိဗ္ဗာန်စကားဘယ်လောက်
မှားမှား၊ အကျင့်မှန်လျှင်နိဗ္ဗာန်ရောက်မည်။
နိဗ္ဗာန်စကားဘယ်လောက်မှန်မှန်အကျင့်မှန်
မကျင့်လျှင်နိဗ္ဗာန်နှင့်ဝေးမည်။ ထို့ကြောင့်
နိဗ္ဗာန်၏အမှားအမှန် ပြောဆိုမှုကားပဓာန
မဟုတ်။ ရေးကြီးခွင်ကျယ် ဝေဖန်စရာမရှိ။
နိဗ္ဗာန်ရောက်ကြောင်းအကျင့်မှားလျှင်သာ
ဝေဖန်စရာရှိ၏။
အကျင့်မှန်တရားအားထုတ်ရေးသည်သာ
အဓိကဟု လယ်တီဆရာတော်ဘုရားကြီး၏
နိဗ္ဗာနဒီပနီလာ ဆုံးမစကားနှင့်အညီ ကျွန်ုပ်
တို့သည် ခေတ်နှင့်ယှဉ်၍ ပဲ့တင်ထပ်ကြည့်ရ
သော် ဘာသာခြားတို့သည်လောကီကြီးပွား
တိုးတက်ရေးကို ကျင့်သုံးဆောင်ရွက်ရာတွင်
ဗုဒ္ဓကိုမကိုးကွယ်ခဲ့သဖြင့် ဗုဒ္ဓ၀စနကိုနား
မလည်ခဲ့သော်လည်း ဗုဒ္ဓ၏အလိုနှင့်အကြိုက်
လမ်းညွှန်ချက်တို့နှင့်ညီညွှတ်သကဲ့သို့ဖြစ်ကာ
တိုးတက်ကြီးပွားချမ်းသာနေကြရပြီး ဗုဒ္ဓ
ဘာသာဝင်တို့မှာ အပြောသဘောမှန်သော်
လည်း ကျင့်သုံးမှုတို့အတွက်ပြည့်စုံမှုလို
အပ်နေသေးကြောင်းရှုမြင်သုံးသပ်အပ်ပါ
သည်။
သည့်အတွက် ကျွန်ုပ်တို့ကြိုးစားကြရပါဦးမည်။
အနန္တဂုဏ်ရည်မဂ္ဂဇင်း
အတွဲ(၅)၊ အမှတ်(၁၂)

No comments:

Post a Comment