Thursday, November 20, 2014

အတိုဆုံးနှင့်အပြည့်စုံဆုံးသမိုင်းကျမ်း


တစ်ရံရောအခါက အရှေ့အလယ်ပိုင်းတိုင်းနိုင်ငံ
တစ်ခု၌ ပညာဗဟုသုတလိုလားသောဘုရင်
တစ်ပါးစိုးစံ၏။ တစ်နေ့တွင် ထိုဘုရင်သည်
ဤကမ္ဘာမြေ၌နေထိုင်ခဲ့ကြသူတို့အကြောင်းကို
အလုံးစုံသိလိုသောဆန္ဒပြင်းပြလေသည်။
သို့နှင့်မှုးကြီးမတ်ရာသေနာပတိအပေါင်းတို့
အား ဤသို့မိန့်ကြားစေခိုင်း၏။
မောင်မင်းတို့ ငါသည် ဤကမ္ဘာမြေ၌ မှီတင်း
နေထိုင်လျက်ရှိသည့်လူမျိုးတစ်ရာ့တစ်ပါးတို့
၏ သမိုင်းအားလုံးကိုသိလိုသည်။ ရှေးအခါက
သူတို့မည်သို့နေထိုင်ခဲ့ကြသည်။ မည်သည့်
စစ်ပွဲများဆင်နွဲခဲ့ကြသည်။ မည်သည့်အရပ်၌
မည်သည့်ကုန်ပစ္စည်းများပေါကြွယ်ဝ၍မည်
သည့်အတတ်ပညာတို့မည်သည့်နေရာတွင်
ထွန်းကားခဲ့သည်စသည်ဖြင့်အလုံးစုံသော
အရာတို့ကို ငါသိလိုသည်။ င့ါအားရေးသား
ပြုစုကြလော့။
ထိုသို့ဆိုပြီးနောက် မှုးမတ်ပေါင်းတို့အား
ငါးနှစ်တိတိအချိန်ပေးလိုက်၏။
ဘုရင့်ရှေ့တော်မှအသာခေါင်းငုံ့နောက်ဆုတ်
၍ ထွက်လာခဲ့ကြပြီးသည့်နောက်မှုးမတ်တို့
စုဝေးတိုင်ပင်ကာ ပြည်ရွာအနှံ့အပြားရှိပညာရှိ
ကြီးငယ်အပေါင်းတို့အား နေပြည်တော်၌စုဝေး
စေလေသည်။
ထို့နောက်တွင်ဘုရင်မင်းမြတ်ဖတ်ရှုရန်ကျမ်းဂန်
များကိုငါးနှစ်လုံးလုံးအပတ်တကုတ်ရေးသား
ပြုစုကြရာ သိုးကလေးသားရေ၊ ဆိတ်ကလေး
သားရေများတွင်စာရေးကြသောခေတ်ကာလ
ဖြစ်သည့်အလျောက် ရွှေနန်းတော်သို့သားရေ
ချပ်လွှာများပေးသွင်းခွင့်ရကြသောသားရေ
လုပ်ငန်းရှင်များနှင့်မွေးမြူရေးသမားများမှာ
အကြီးအကျယ်စီးပွားဖြစ်ကြသောဟူ၏။
ငါးနှစ်မြောက်သည့်နှစ်တွင် နန်းတော်သို့
မှုးကြီးမတ်ရာများနှင့်ကျမ်းဂန်ပြုစုသူဦးဆောင်
ပညာရှိများစုံညီစွာရောက်ရှိလာကြသည်။
အရှင့်အမိန့်တော်ကိုအောင်မြင်စွာထမ်း
ဆောင်ပြီးကြောင်းပါ။ ယခုနန်းတော်လေသာ
ပြတင်းမှအရှင်မင်းကြီးလှမ်းမျှော်ကြည့်မည်
ဆိုလျှင် အရှင့်အတွက်ပညာရှိများပြုစုခဲ့သည့်
ကျမ်းဂန်များသယ်ဆောင်လာသည်ကိုတွေ့
မြင်ရပါလိမ့်မည်ဟူ၍ နန်းရင်းဝန်ကြီးက
လျှောက်ထားလေသည်။
ရှင်ဘုရင်ကလေသာပြတင်းဝ၌ရပ်ကာ
အပြင်မှာမြင်ရသည်များကိုကြည့်ပြီးဇဝေ
ဇ၀ါဖြစ်သွားသည်။ ထို့နောက်မျက်စိကို
ပွတ်သပ်ကြည့်ကာ တစ်ကြိမ်ထပ်မံကြည့်
ပြန်သည်။ နန်းတော်ရှေ့တွင်ကုလားအုပ်
တန်းကြီးကမျက်စိတစ်ဆုံး။
ကုလားအုပ်တစ်ကောင်စီး၏ကျောပေါ်တွင်
အထုပ်ကြီးနှစ်ထုပ်စီတင်ထားသည်။ တစ်
ထုပ်စီ၌ စာဆယ်အုပ်စီပါသည်။ တိရစ္ဆာန်
သားရေလွှာများပေါ်တွင် မင်ရောင်စုံတို့ဖြင့်
လှပစွာရေးခြယ်ထားသည့် စာအုပ်ကြီးများ
စာအုပ်အဖုံးနှင့်အနှောင့်များတွင် စာအုပ်
အမည်နှင့်ရေးသားပြုစုသူတို့၏ အမည်များ
ကိုရွှေစာလုံးများဖြင့် ရေးထိုးထားသည်။
စာအုပ်ထုပ်တွေကိုကြည့်ကာရှင်ဘုရင်
မျက်မှောင်ကြုတ်သွားသည်။
ဘာတွေလဲကွ ဒါတွေက။
မှန်လှပါ။ အကျွမ်းကျင်ဆုံးပညာရှင်ကြီးများ
ငါးနှစ်တိုင်တိုင် ရေးသားပြုစုခဲ့ကြသည့်
ကမ္ဘာ့သမိုင်းကျမ်းပေါင်းချုပ်ကြီးပါ။ ကမ္ဘာ့
လူသားအားလုံးတို့ရဲ့လူမှုရေးသမိုင်း၊
ယဉ်ကျေးမှုသမိုင်း၊ စီးပွားရေးသမိုင်း၊ စစ်
ရေးသမိုင်း၊ နိုင်ငံရေးသမိုင်း၊ ၀ိဇ္ဇာသိပ္ပံ
အတတ်ပညာများသမိုင်းစသဖြင့်ဘက်စုံ
ထောင့်စုံ အလုံးစုံပါဝင်အောင်အထူးတလည်
စီမံထားသော ကျမ်းဂန်ကြီးဖြစ်ကြောင်းပါ။
ရှင်ဘုရင်ဒေါထွက်သွားသည်။
မင်းတို့ငါ့ကိုလှောင်ပြောင်နေကြတာလား။
ဒီလောက်များတဲ့စာအုပ်တွေ ငါသေတဲ့အထိ
ဖတ်လို့ပြီးနိုင်ပါ့မလား။ ငါဖတ်လို့ရအောင်
အကျဉ်းချုပ်အမြန်လုပ်စေ။ သို့သော်အရေး
ကြီးတဲ့အချက်တွေတော့ အကုန်ပါးပါပစေ။
ရှင်ဘုရင်ကအမိန့်တော်မြတ်ချမှတ်ကာအချိန်
တစ်နှစ်ပေးလိုက်ပြန်သည်။
တစ်နှစ်ကုန်ပြီးနောက်နန်းတော်ရှေ့သို့ကုလား
အုပ်တန်းတစ်တန်းရောက်ရှိလာပြန်သည်။
ကုလားအုတ်ဆယ်ကောင်။ တစ်ကောင်လျှင်
နှစ်ထုပ်။ တစ်ထုပ်လျှင်စာအုပ် ဆယ်အုပ်။
စုစုပေါင်းအုပ်နှစ်ရာ။ ရှင်ဘုရင်မျက်နှာပျက်
သွားပြန်သည်။
ဟေ့ဒီမှာ ခေတ်အဆက်ဆက်နိုင်ငံတကာမှာ
ဖြစ်ပျက်ခဲ့တဲ့အရေးအကြီးဆုံးအဖြစ်အပျက်
တွေပဲရေးခိုင်းတာကွ။ အဲဒီအတွက် အချိန်
ဘယ်လောက်ပေးရဦးမှာလဲ။
သည်အခါပညာရှိများထဲမှ ပညာအရှိဆုံး
ပညာရှိတစ်ယောက်ရှေ့သို့ထွက်လာပြီး
ဘုရင်အားတင်လျှောက်သည်။
မနက်ဖြန်ဆိုရင်ရနိုင်ပါတယ်အရှင်မင်းကြီး
အရှင်မင်းကြီးသိလိုသမျှပြည့်စုံရပါစေ့မယ်။
မနက်ဖြန်၊ဘုရင်ကြီးအံ့အားသင့်သွားသည်။
အေးကောင်းပြီ မင်းစကားနဲ့မင်းပဲ။ မနက်ဖြန်
ရှေ့တော်မှောက်အရောက်မတင်ဆက်နိုင်ရင်
ဘာဖြစ်မယ်ဆိုတာမင်းအသိပဲ။
နောက်တစ်နေ့နံနက်အာရုဏ်တက်စ ငှက်
ကလေးတွေတေးဆိုစ ဘုရင်ကြီးအိပ်ရေး
မ၀တ၀အချိန်မှာပင် မနေ့ကကတိပေးထား
သည့်ပညာရှိကြီးနန်းတော်သို့ရောက်ရှိလာ
သည်။ ဘုရင်ကြီးအိပ်တော်ဆောင်အထွက်
မှာပင် ပညာရှိကြီးအခစားဝင်ကာ သူ့လက်
ထဲတွင်ပါသည့်အရာကိုဆက်သသည်။
စန္ဒကူးသားဖြင့်ပြုလုပ်ထားသည့် သေတ္တာ
ဘူးသေးသေးလေး။ ဒီသေတ္တာလေးကိုဖွင့်
ကြည့်ရင် ခေတ်အဆက်ဆက်လူမျိုးတစ်ရာ့
တစ်ပါးတို့၏ တိုင်းနိုင်ငံပေါင်းများစွာမှာ
ဖြစ်ပျက်ခဲ့တဲ့ သမိုင်းကြောင်းပေါင်းစုံက
အဆီအနှစ်ချည်းသက်သက်ရေးသားပြုစု
ထားတဲ့ အတိုဆုံးကမ္ဘာ့သမိုင်းကျမ်းကြီးကို
ဖတ်ရှုရပါလိမ့်မယ် အရှင်မင်းကြီးဟူ၍
ပညာရှိကြီးက လေးနက်တည်ကြည်စွာ
လျှောက်ထားလိုက်သည်။
သေတ္တာလေးကို ရှင်ဘုရင်ဖွင့်ကြည့်လိုက်
သည့်အခါ အထဲ၌အဖိုးတန်ကတ္တီပါစနှင့်
ထုပ်ပိုးထားသည့် အရာတစ်ခုကိုတွေ့ရှိရ
သည်။ ကတ္တီပါစကိုခွါချလိုက်သည့်အခါ၌
အလွန်သေးကွေးသောဆိတ်သားရေစတစ်
စ။
ထိုသားရေးစတွင်စာလုံးသေးသေးဖြင့်ရေးထိုး
ထားသည့် စာအချို့ရှိသည်။ ဘုရင်ကြီးအသံ
ထွက်၍ ဖတ်ကြည့်သည်။
သူတို့မွေးဖွားလာကြသည်။ အသက်ရှင်နေထိုင်
ကြသည်။ ထို့နောက်သေဆုံးသွားကြချေသည်
ဟူ၍။
ဆောင်ပုဒ် ။ ။ တစ်သက်တာ ဆည်းပူးလေ့လာ
ရမည့်ပညာကို တစ်မနက်စာဖြင့် မရနိုင်။
ဖေမြင့်
စာဖတ်သမား၏မှတ်စုများမှ

No comments:

Post a Comment