Thursday, November 20, 2014

မလေးရှားနိုင်ငံတရားစခန်းများမှ မေးရာဖြေပေးပါ

မလေးရှားနိုင်ငံတရားစခန်းများမှ မေးရာဖြေပေးပါ
မလေးရှားနိုင်ငံ၊ ဘူကစ်မာတာဂျန်မြို့။
မေး။ ။ အသက် ၃၄ နှစ်ရှိ အိုင်ယာလန်လူမျိုး
လီအန်ဘက်ကလာအမည်ရှိသူ အမျိုးသားယောဂီ
ကမေးလျှောက်သည်မှာ သူအထွေထွေအသေးစိတ်
အမှတ်ကိုရှုမှတ်ရာတွင် ပြုချင်သည့်စိတ်ကစ၍
ရှုမှတ်ရပါသည်။ ပြုချင်သည့်စိတ်နှင့်ကိုယ်အမှု
အရာတို့သည် ဝေးကွာနေသကဲ့သို့ဖြစ်ပါသည်။
ဘာကြောင့်လဲဟုမေးလျှောက်ပါသည်။
ဖြေ။ ။ ပြုလုပ်ချင်သည့်စိတ်ကနာမ်တရား
ဖြစ်သည်။ ပြုချင်သည့်ကိုယ်အမှုအရာများက
ရုပ်တရားဖြစ်သည်။ ပြုလုပ်ချင်သည့်စိတ်သည်
နာမ်တရားဖြစ်၍ ဖြစ်မှုပျက်မှုတို့အလွန်လျင်
မြန်ပေသည်။ ကိုယ်အမှုအရာတို့ကရုပ်တရား
ဖြစ်၍ ဖြစ်မှုပျက်မှုကနှေးပေသည်။ ပြုလုပ်ချင်
သည့်စိတ်နာမ်တရားက ၁၇ချက်ဖြစ်ပြီးမှ
ရုပ်တရားကတစ်ချက်ဖြစ်နိုင်ပေသည်။
ဤကဲ့သို့ နာမ်သက် ၁၇ချက်ဖြစ်ပြီးမှရုပ်
သက် တစ်ချက်ဖြစ်နိုင်သောကြောင့်ဝေးကွာ
သည်ဟု ထင်ရခြင်းဖြစ်ပေသည်ဟု ဖြေကြား
ပေးခဲ့ရသည်။ ( အမှတ်ကောင်းသည့်ယောဂီ
များ ဤကဲ့သို့ဝေးကွာနေသည်ဟုသိတတ်
ကြပေသည်။)
-------------------------------------
မေး။ ။ အသက် ၅၈နှစ်ရှိ တရုတ်လူမျိုးတင်းမိလီ
အမည်ရှိသူအမျိုးသမီးယောဂီက မေးလျှောက်သည်
မှာ သူတရားထိုင်၍ ရှုမှတ်ရာ ခန္ဓာကိုယ်မှနာကျင်
သည့်ဝေဒနာတွေ အလွန်များပါသည်။ အတိတ်
ဘ၀များက အကုသိုလ်ကံများကြောင့်ဖြစ်ရပါသ
လားဟု မေးလျှောက်ပါသည်။
ဖြေ။ ။ တရားထိုင်၍ရှုမှတ်ရာတွင် နာကျင်သည့်
ဝေဒနာများဖြစ်ရသည်မှာ အတိတ်ဘ၀များက
အကုသိုလ်ကံတစ်ခုတည်းကြောင့်ဖြစ်ရသည်မဟုတ်
ပါ။ ကံဟူသောအကြောင်း၊ စိတ်ဟူသောအကြောင်း၊
ဥတုဟူသောအကြောင်း၊ အာဟာရဟူသောအကြောင်း
ဤအကြောင်းလေးပါးတို့မညီညွတ်ခြင်းကြောင့်
နာကျင်သည့် ဒုက္ခဝေဒနာများဖြစ်ရခြင်း၊ နာကျင်
သည့် ဒုက္ခဝေဒနာများတွေ့ရခြင်း ဖြစ်ပေသည်
ဟု ဖြေကြားပေးခဲ့ရပါသည်။
---------------------------------
မေး။ ။ အသက် ၆၁ နှစ်အရွယ်ရှိတန်ဟောဆင်
အမည်ရှိသူ အမျိုးသားယောဂီ မေးလျှောက်သည်မှာ
သူသည် ၁၉၉၈ ခုနှစ်ကစ၍ ၀ိပဿနာတရားအား
ထုတ်ခဲ့ပါသည်။ ပထမသောတာပတ္တိမဂ်ရလိုက်သည်
ကို ယောဂီကိုယ်တိုင်သိနိုင်ပါသလားဟုမေးလျှောက်
ပါသည်။
ဖြေ။ ။ ကျမ်းဂန်ဗဟုသုတရှိသော ယောဂီပုဂ္ဂိုလ်
များကိုယ်တိုင်သိနိုင်ပါသည်။ သိနိုင်ခြင်း၏အကြောင်း
နှစ်ပါးရှိသည်။
၁။ ရုပ်နှင့်နာမ် နှစ်ပါးလုံးချုပ်သွားသည်ကိုသိခြင်း။
၂။ မိမိစိတ်ထားပြောင်းလဲသွားခြင်းကိုသိခြင်းဟူ
သော ဤအကြောင်းနှစ်ပါးကြောင့် ပထမသောတာ
ပတ္တိမဂ်ရလိုက်သည်ကို သိနိုင်ပေသည်ဟုအကျဉ်း
မျှ ဖြေကြားပေးနိုင်ခဲ့ပါသည်။
အကျယ်သိဖွယ်
၁။ ရုပ်နှင့်နာမ်ချုပ်ခြင်းကိုသိခြင်းဟုဆိုရာ၌
ဝိပဿနာတရားအားထုတ်၍ဉာဏ်စဉ်များ
အဆင့်ဆင့်ရင့်ကျက်သွားသောအခါ ရှုမှတ်
နေဆဲမှာပင် မှတ်စရာအာရုံနှင့်မှတ်သိစိတ်
နှစ်ပါးလုံးချုပ်ပြတ်သွားသည်ကိုယောဂီ
ကိုယ်တိုင်တွေ့သိရခြင်းဖြစ်ပါသည်။
၂။ မိမိစိတ်များပြောင်းလဲသွားခြင်းကိုသိခြင်း
ဟု ဆိုရာ၌ မှတ်စရာအာရုံနှင့်မှတ်သိစိတ်
နှစ်ပါးလုံးချုပ်ပြတ်ပြီးသည်မှစ၍ မိမိမှာငါးပါး
သီလကို လွန်ကျူးလိုစိတ်များလုံးဝမရှိတော့
ခြင်းကိုသိခြင်း၊ မိမိ၌အပါယ်ကျစေနိုင်လောက်
အောင်ကြမ်းတမ်းသည့် လောဘ၊ ဒေါသ၊
မောဟများ မဖြစ်လာတော့ခြင်းကိုသိခြင်း
တို့ဖြင့် မိမိစိတ်များပြောင်းလဲသွားခြင်းကို
သိခြင်းဖြစ်ပေသည်။
--------------------------------
မေး။ ။ အသက် ၄၂ နှစ်ရှိ ဆွန်တက်ရင်
အမည်ရှိသူ အမျိုးသမီးယောဂီက မေးလျှောက်
သည်မှာ သူတရားထိုင်၍ ရှုမှတ်နေစဉ်မှာပင်
လက်ကိုအပြင်သို့ တစ်ဦးတစ်ယောက်က
ဆွဲဆွဲထုတ်လိုက်သလိုဖြစ်ပါသည်။ တရား
သဘောမှဟုတ်မှန်ပါရဲ့လားဟုမေးလျှောက်
ပါသည်။
ဖြေ။ ။ တရားသဘောဟုတ်မှန်ပေသည်။
ဝိပဿနာတရားရှုမှတ်၍ သမာဓိဉာဏ်များ
အသင့်အတင့်အားရှိလာသောအခါ ဥဗ္ဗေဂ
ပီတိများဖြစ်လာကြပေသည်။ ဤကဲ့သို့
ဥဗ္ဗေဂပီတိများဖြစ်လာကြသောအခါလက်
ကို အပြင်သို့ဆွဲထုတ်လိုက်သလို၊ အပေါ်
သို့မြှောက်တင်ပေးလိုက်သလို၊ ခြေထောက်
ကို အပြင်သို့ဆွဲထုတ်လိုက်သလို၊ ခန္ဓာ
ကိုယ်ကိုရှေ့သို့တွန်းထုတ်လိုက်သလို
နောက်သို့ဆွဲချလိုက်သလိုဖြစ်တတ်ပေ
သည်။ ဥဗ္ဗေဂပီတိကြောင့်ဤကဲ့သို့ဖြစ်
ရခြင်းဖြစ်ပေသည်ဟု ဖြေကြားပေးခဲ့ရ
ပါသည်။
----------------------------
မေး။ ။ ပီနန်မှအမျိုးသမီးယောဂီဟောင်း
တစ်ရောက်မေးလျှောက်သည်မှာ ၀ိပဿနာ
တရားအားထုတ်တယ်ဆိုတာ မိမိတို့သန္တာန်
မှာ လောဘ၊ ဒေါသ၊ မောဟတို့နည်းသွား
ခြင်းကို သိဖို့သာလိုရင်းဖြစ်သည်။ ဉာဏ်စဉ်
တွေသိနေဖို့လိုပါသလားဟု မေးလျှောက်ပါ
သည်။(ဉာဏ်စဉ်သိဖို့မလိုပါဘူးဟူသော
အဓိပ္ပါယ်ဖြင့်မေးလျှောက်ခြင်းဖြစ်သည်။)
ဖြေ။ ။ ၀ိပဿနာတရားအားထုတ်တယ်
ဆိုတာ မိမိတို့သန္တာန်မှာ လောဘဒေါသ
မောဟတွေ နည်းသွားရအောင်အားထုတ်
တာမှန်ပေသည်။ လောဘ၊ ဒေါသ၊ မောဟ
တို့နည်းသွားရခြင်းကို သိဖို့ရာအဓိကဖြစ်
တာမှန်ပေသည်။ သို့ပါသော်လည်းမိမိ၏
ဉာဏ်စဉ်များကိုပါ သိရလျှင်လည်းကောင်း
ပါသည်။ မိမိမှာဤဉာဏ်စဉ်အဆင့်ရောက်
နေသည်ဟုသိရသဖြင့် မိမိမရောက်သေး
သည့် အထက်အထက်ဉာဏ်စဉ်များ
ရောက်အောင် အားထုတ်ဖို့ဖြစ်ပါသည်။
ထို့ကြောင့် မိမိရောက်နေသည့်ဉာဏ်စဉ်
အဆင့်ကိုလည်းသိထားသင့်ပေသည်ဟု
ဖြေကြားပေးခဲ့ရပါသည်။
သဒ္ဓမ္မရံသီရိပ်သာဆရာတော်

No comments:

Post a Comment