Thursday, November 20, 2014

သာဓုခေါ်ရကျိုး



ဂေါတမဘုရားရှင်လက်ထက်တော်အခါတွင်သာဝတ္ထိပြည်၌
ကြွယ်ဝချမ်းသာသော သူဋ္ဌေးဇနီးမောင်နှံရှိလေသည်။ သူတို့
သည် ရတနာသုံးပါးအား အထူးပင် ယုံကြည်မြတ်နိုးကြလေ
သည်။ သူတို့သည်အသက်အရွယ်အားဖြင့် မကြီးလှချေ။
ရှေးပါရမီအကြောင်းကံကောင်းမွန်သူများဖြစ်ခြင်းကြောင့်
ဤဘ၀၀ယ် မငြိုမငြင် တင့်တင့်တယ်တယ်နေကြရလေ
သည်။

အချိန်ကား လဆန်း၁၄ရက်နေ့ညတစ်ညတွင်ဖြစ်လေသည်။
ထက်ကောင်းကင်မှ ရွှေလမင်းကား အသာကြီးသာလျက်
သာဝတ္ထိမြို့ကြီးကား တိတ်ဆိတ်ငြိမ်သက်သော အသွင်ကို
ဆောင်လျက်နေ၏။

တိုင်းသူပြည်သားလူအများတို့လေ၊ နက်ဖြန်သီတင်းနေ့၌
ဇေတ၀န်ကျောင်းတော်ကြီးဝယ် ဘုရားရှင် တရားဟော
တော်မူပါလိမ့်မယ်။ နာကြားလိုသူများဇေတ၀န်ကျောင်း
တော်ကြီးသို့ ဆက်ဆက်ကြွကြပါကုန်။

နိဗ္ဗာန်ဆော်များ၏ ကြေညာသံကား သူဌေး၏ဇနီးမောင်နှံ
တို့၏နားသို့ ရိုက်ခတ်သွားသည်။ ထိုအသံကိုကြားသော
အခါ

ရှင်မရေ၊ နက်ဖြန် လပြည့်နေ့တဲ့။ ဘုရားရှင်တရားဟော
မယ်ဆိုပါလားဟု သူဌေးကတော်လေးက ခွန်းတုံ့ပြန်လိုက်
၏။

နေရာကား ကြီးကျယ်သောဇေတ၀န်ကျောင်းတော်ကြီး၏
ခန်းမဆောင်တစ်နေရာဖြစ်လေသည်။ တရားနာလာကြသော
ပရိသတ်ကြီးက အုန်းအုန်းကျွတ်ကျွတ်တခဲနက်များလှပေ
သည်။ ထိုအခါ ဘုရားရှင်ကိုယ်တော်မြတ်သည် ရောင်
ခြည်တော်ခြောက်သွယ်လွှတ်လျက်

ချစ်သားချစ်သမီးတို့ အကုသိုလ်မဖြစ်အောင်
ကိုယ်ဖြင့်စောင့်စည်းခြင်းသည် ကောင်းလှပေ
၏။ နှုတ်ဖြင့်စောင့်စည်းခြင်းသည် ကောင်းလှ
ပေ၏။ စိတ်ဖြင့်စောင့်စည်းခြင်းသည်လည်း
ကောင်းလှပေ၏။ အရာခပ်သိမ်းစောင့်စည်းမှု
သည် ကောင်းလှပေ၏။ထို့ကြောင့် သင်တို့သည်
ကိုယ်၊နှုတ်၊ စိတ်သုံးပါးကို စောင့်စည်းကြပါကုန်။

ထိုဂါထာကိုဟောပြီးသောအခါ သိန်းသောင်းမက
များလှသော ပရိသတ်ကြီး၏ သာဓု သာဓု သာဓု
ဟူသော အသံကြီးသည် ပဲ့တင်မည်ဟည်းသွား
လေ၏။

ဤတရားနာပွဲ၌အချို့ သောတာပန်၊ အချို့သကဒါဂါမ်၊
အချို့အနာဂါမ်၊ အချို့ရဟန္တာအဖြစ်သို့ရောက်ကြလေ
ကုန်၏။

တရားပွဲမှပြန်လာသော သူဌေးလေးသည် သာသနာ့
တာဝန်ကို ထမ်းဆောင်လိုစိတ်ပေါ်လာသောကြောင့်
ရှိသမျှပစ္စည်းများကို သူဌေးကတော်အားအပြီးအပိုင်
အပ်နှင်းကာ သူဌေးမလေးထံခွင့်ပန်ြ့ပီး ပိဏ္ဍပါတိက
ဓုတင်ဆောင်ရဟန်းတော်တစ်ပါးအထံတွင်သာသနာ့
ဘောင်သို့ ၀င်ခဲ့လေသည်။

ထိုအခါရုပ်ချောဥစ္စာပေါသည့် သူဌေးမလေးအဖို့
အသက်ငယ်ငယ်နှင့် တစ်ခုလပ်မလေးဘ၀သို့
ရောက်ခဲ့ရရှာလေ၏။ အဆိုပါသတင်းကိုကြားသိ
သောအခါ ပေဿနဒီကောသလမင်းကြီးသည်
လင်မဲ့သူ သူဌေးမလေးအား သိမ်းပိုက်တော်
ကောက်တော်မူလေ၏။

နန်းတော်အတွင်း၌ ပန်းတော်ဆက်က ကြာပန်းများ
ဆက်သသောအခါ ကောသလမင်းကြီးသည်
မိဖုရားတစ်ဦးလျှင် ပန်းတစ်ပွင့်စီပေးကမ်းလေ
၏။ သူဌေးကတော်အသစ်စက်စက်မိဖုရာ
ကလေးကိုမူ ချစ်စနိုးသည့်အတွက်နေ့စဉ် ၂ပွင့်
၂ပွင့်ပေးသနားလေ၏။ အခြားသောမိဖုရားများ
က သူ့အား မနာလိုကြချေ။

တစ်နေ့သ၌ကြာပန်းဝေသောအခါ မိဖုရားလေး
သည် ကြာနှစ်ပွင့်ကို တစိမ့်စိမ့်ကြည့်၍ ရှေးဦး
စွာပြုံးလေ၏။ ပြုံးပြီးသည့်နောက်မည်သို့စိတ်
ကူးပေါက်သည်မသိ။ ကြာပန်းနှစ်ပွင့်ကိုအားရ
ပါးရနမ်းရှုပ်ကာ ငိုကြွေးလေ၏။ ထိုအခြင်း
အရာကိုမြင်သောအခါ ကောသလမင်းကြီး
သည် မျက်မန်တော်ရှလျက်

ဟယ်မိဖုရားငယ် သင်သည် ပြုံးတစ်ခါ ငိုတစ်
လှည့်နဲ့ အဘယ်ကြောင့် ပြုဘိသနည်း။ သင်၏
ငိုခြင်းရယ်ခြင်းဟူသော အပြုအမူသည် နန်းနှင့်
မထိုက်တန်တကား။ ငါ့အားမကွယ်မထောက်
အမှန်အတိုင်း သံတော်ဦးတင်လော့။ မတင်က
သင်သည် ကြီးလေးသောအပြစ်ဒဏ်ခံရချေ
မည်ဟု မိန့်လေရာ မိဖုရားလေးသည်စီးကျ
သောမျက်ရည်တို့ကို မြတဘက်ဖြင့် အသာ
သုတ်ကာ

မှန်လှပါဘုရား။ အခြားသော မိဖုရားတွေမှာ
ပန်းတစ်ပွင့်စီ တစ်ပွင့်စီသာရပြီးငါ့အဖို့မှာ
တော့ အရှင်မင်းကြီးက ချစ်မြတ်နိုးသည့်
အတွက် ပန်းနှစ်ပွင့်ရသည့်အတွက်ပြုံးရယ်
မိပါသည်အရှင်ဘုရား။

ဒီကြာပန်းကလေးကိုမြင်ရသောအခါ ခံတွင်း
က ဒီကြာပန်းရနံ့ပမာ မွှေးပျံ့သောအနံ့ရှိ
သည့် သာသနာ့ဘောင်သို့ပြောင်းသွားသူ
အချစ်ဦးကို အမှတ်ရ၌ ၀မ်းနည်းသောအထိမ်း
အမှတ်အဖြစ် လွမ်းဆွတ်မိသောကြောင့်ငိုကြွေး
မိပါသည်ဘုရားဟု သနားစဖွယ် ငိုကြွေးကာ
သံတော်ဦးတင်ရှာလေသည်။

မင်းကြီးသည် မယုံသည့်အတွက်
အဘယ်မိဖုရားငယ်၊ လူ့ပါးစပ်ကကြာနံ့ပမာ
မွှေးပျံ့သည်ဆိုသည်ကို ငါမယုံနိုင်။ သင်သည်
ငါ့အပြင်တစ်ဦးတစ်ယောက်နှင့်ဖောက်ပြားလို
၍သာ ပြောတန်ရာသည်မဟုတ်လောဟုစွပ်စွဲ
မေးမြန်းပြန်လေ၏။

မိဖုရားလေးသည် သုံးကြိမ်တိတိစကားမပြောင်း၊
လေမပြောင်းဘဲ ရှေးနည်းအတိုင်းပင်ဖြေဆို
လေသည်။ ဘုရင်ကြီးသည်သုံးကြိမ်ဖြေသော်
လည်း ယုံကြည်မှုမရှိသောကြောင့် အကျပ်ကိုင်
သည့်သဘောဖြင့် သက်သောတောင်းလေ၏။
ထိုအခါ အားနွဲ့သူမိဖုရားလေးက မှန်လှပါ
အရှင်မင်းမြတ်မယုံကြည်ပါလျှင် မနက်ဖြန်
ဆွမ်းပင့်ကျွေးတော်မူ၍ ဆုံစမ်းကြည့်တော်မူ
ပါ။ အကယ်၍မဟုတ်မမှန်ပါလျှင် ကျွန်တော်
မျိုးမအားပေးလိုသော အပြစ်ကိုပေးတော်မူ
ပါဟု အရဲစွန့်၍ သံတော်ဦးတင်ရှာလေ၏။

နောက်တစ်နေ့၌မင်းကြီးသည် ဘုရားရှင်နှင့်
တကွသံဃာတော်တို့အားနန်းတော်သို့ပင့်၍
ဆွမ်းကျွေးလတ်သော် မိဖုရားငယ်ညွှန်ပြ
သောကိုယ်တော်လေးအား တရားဟောရန်
လျှောက်ထားလေ၏။ ဘုရားရှင်နှင့်တကွအခြား
သော သံဃာတော်များကျောင်းတော်သို့ကြွပြန်
သွားတော်မူလေသည်။

တာဝန်ကျသူကိုယ်တော်လေးသည် ငြိမ်သက်
တည်ကြည်သော ဣနြေ္ဒဖြင့်တရားဟောရန်
မပွင့်တပွင့်ခံတွင်းကို ဖွင့်ဟလိုက်သောအခါ
နံ့သာဖြင့်ပြည့်သောဆင်စွယ်ကြုတ်ကလေးကို
လှုပ်လိုက်ဘိသကဲ့သို့ နန်းတော်တစ်ခုလုံး
ကြာညိုပန်းရနံ့များမွှေးကြိုင်သွားလေ၏။
ထိုအခါ ဘုရင်ကြီးသည်အလွန်အံ့သြသွားပြီး

ဤမိဖုရားသည်မှန်သောစကားကိုဆိုပေ၏
ဟု ၀မ်းသာအားရချီးကျူးအော်ဟစ်ကာမိဖုရား
ငယ်အားရှေးကထက် မြှောက်စားလေ၏။
ကိုယ်တော်ကလေးအားလည်း ပစ္စည်းလေးပါး
ဒကာအဖြစ်ခံလိုက်လေသည်။

နောက်တစ်နေ့သို့ရောက်သောအခါ ဘုရင်ကြီး
သည် ဘုရားရှင်ထံသွား၍
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား
ဤကိုယ်တော်လေးသည် ဘယ်ကုသိုလ်ကောင်းမှု
ကံကြောင့်ယခုကဲ့သို့ ခံတွင်းမှ ကြာညိုနံ့ပမာ
မွှေးကြိုင်သောရနံ့ထွက်ပါသနည်းဟု မေး
လျှောက်လေ၏။ ထိုအခါ ဘုရားရှင်သည်

ဒကာတော်မင်းမြတ်၊ ဤကိုယ်တော်လေးသည်
ရှေးရှေးအတိတ်ဘ၀များက တရားနာသောအခါ
ရိုရိုသေသေနာယူပြီး သာဓု၊ သာဓု၊ သာဓုဟု
စေတနာသဒ္ဓါတရားဖြင့် ခေါ်ဆိုခဲ့သည့်အတွက်
ယခုလိုအကျိုးထူးခံစားရပေသည်ဟု သာဓု၏
အကျိုးတရားကိုဟောတော်မူလေ၏။

မာဂဓီ(သာစည်)

No comments:

Post a Comment